မောပန်းနွမ်းနယ်ခြင်းနဲ့ သွေးအားနည်းခြင်း ဆက်စပ်နေလား
ကျန်းမာကြံ့ခိုင်နေတဲ့ လူတစ်ယောက်ဟာ အလွယ်တကူမောပန်းတာမျိုးဖြစ်နိုင်ခြေ နည်းပါးလှပါတယ်။ အလွန်အမင်း ပင်ပန်းစွာ လုပ်ဆောင်ရတဲ့ အမှုကိစ္စမျိုးမရှိဘူးဆိုရင် မောပန်းတာမျိုးဖြစ်လာနိုင်ခြေ အတော်နည်းပါးတာပါ။
အလွယ်တကူ မောပန်းလွယ်တာက စိတ်ဖိစီးမှုတွေ၊ ဖျားနာမှုတွေကြောင့် ဖြစ်နိုင်တဲ့အပြင် သွေးအားနည်းခြင်းကြောင့်လည်း ကြုံတွေ့ရနိုင်ပါတယ်။
မောပန်းတာနဲ့ သွေးအားနည်းခြင်း ဘယ်လိုဆက်စပ်နေလဲ?
သွေးအားနည်းတယ် ဆိုတာ ခန္ဓာကိုယ်မှာ သွေးနီဥ ချို့တဲ့ခြင်း ဖြစ်ပါတယ်။ သွေးနီဥတွေရဲ့ လုပ်ငန်းဆောင်တာကတော့ Haemoglobin လို့ ခေါ်တဲ့ အသားဓာတ် တစ်မျိုးနဲ့ ပေါင်းပြီး ခန္ဓာကိုယ်အနှံ့ တစ်သျှူးတွေဆီကို အောက်စီဂျင် ပို့ဆောင်ပေးပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်မှာ သွေးနီဥ လျော့နည်းခြင်းက အောက်စီဂျင် လုံလုံလောက်လောက် မရရှိတဲ့အတွက် အလွယ်တကူ မောပန်းလွယ်ရခြင်း ဖြစ်ပါတယ်။
သွေးအားနည်းခြင်းကြောင့် ပင်ပန်းနွမ်းနယ်တဲ့အခါ (၂၄) နာရီလုံး မောပန်းနေတတ်ပြီး၊ မျက်လုံးအရောင်တွေ ဖျော့တော့နေတာ၊ အသက်ရှူရ ခက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးအားနည်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့
- သံဓာတ် အားနည်းခြင်း
- သွေးနီဥ ကောင်းကောင်းမထုတ်နိုင်တာ
- သွေးနီဥတွေ အလွယ်တကူ ဖျက်ဆီးခံရတာ
- ဗီတာမင် B 12၊ ဗီတာမင် B9 ချို့တဲ့ခြင်း
- သွေးကျဲဆေးတွေ၊ ပိုးသတ်ဆေး အချို့ စတဲ့ ဆေးဝါးတွေ သုံးစွဲနေရခြင်း
- အကြောင်း အမျိုးမျိုးကြောင့် သွေးဆုံးရှုံးမှု များတဲ့ အခြေအနေတွေ
- နာတာရှည် ကျောက်ကပ်ရောဂါ၊ ကင်ဆာ၊ လေးဖက်နာ ရောဂါ စတဲ့ ရောဂါအခံတွေ ရှိနေခြင်းကြောင့်လည်း သွေးအားနည်းတတ်ပါတယ်။
သွေးအားနည်းတာက အပေါ်ယံ ကြည့်လိုက်ရင် ရိုးရှင်းလွယ်ကူတယ် ထင်ရပေမယ့် အကြောင်းအမျိုးမျိုး ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဒါ့ကြောင့် မောပန်းနွမ်းနယ် တတ်ပြီဆိုရင် သွေးအားနည်းခြင်း ရောဂါကိုလည်း သတိထားမိဖို့ ကျန်းမာရေး ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါး ကျွမ်းကျင်)